အကိုက်အခဲပျောက်ဆေးတွေရဲ့ အစွမ်းက အမျိုးသမီးတွေမှာဆိုရင် ပိုအားနည်းတတ်သလား
သဘာဝတရားကြီးက ဖန်တီးပေးထားပုံအရ အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက ကွဲပြားခြားနားပါတယ်။ ဟိုမုန်း လယ်ဗယ်ကနေ ကြွက်သားဖွဲ့စည်းပုံအထိဆိုပါတော့။ ဒီခြားနားမှုတွေကြောင့် တစ်ချို့သော အခြေအနေတွေမှာ တူညီတဲ့အကြောင်းအရာမှာပဲ သက်ရောက်ပုံမတူညီတာမျိုးတွေ ဖြစ်လာလေ့ရှိတာ တစ်ခါနှစ်ခါမကပါဘူး။
ဒီလို ခြားနားမှုတွေကြောင့် ဖြစ်လာတဲ့ အငြင်းပွားဖွယ်ရာ အကြောင်းအရာတွေထဲမှာ နာကျင်မှုဝေဒနာကို သက်သာလျော့ပါးစေမယ့် အကိုက်အခဲပျောက်ဆေးတွေ (Painkillers) က အမျိုးသားနဲ့ အမျိုးသမီးတွေအကြား သက်ရောက်မှု မတူညီဘူးဆိုတဲ့ ကိစ္စကလည်း တစ်ခုအပါအဝင်ပါပဲ။
တစ်ချို့သော ယူဆချက်တွေမှာ Painkillers တွေဟာ အမျိုးသမီးတွေအပေါ် သက်ရောက်မှုပိုမိုအားနည်းတယ်လို့ အဆိုရှိထားပါတယ်။ ဒါက တကယ်ပဲ မှန်ကန်တဲ့ အခြေအနေလား? Myth တစ်ခုလေလား?
၉၀ ခုလွန်နှစ်တွေအထိ ကာလတွေတုန်းကတော့ အကိုက်အခဲပျောက်ဆေးတွေဟာ အမျိုးသမီးတွေမှာ ပိုပြီး အစွမ်းပြတယ်လို့ ယုံကြည်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ်မှာ ထွက်ပေါ်လာတဲ့ နောက်ဆုံး လေ့လာဆန်းစစ်ချက်မှာတော့ Painkillers တွေဟာ အမျိုးသမီးတွေအပေါ်မှာ သက်ရောက်မှု ပိုမိုအားနည်းတယ်လို့ ဆိုလာပြန်ပါတယ်။ Ibuprofen နဲ့ Prednisone လို နာကျင်မှုဝေဒနာ ပျောက်ဆေးတွေဟာ အမျိုးသမီးတွေထက် အမျိုးသားတွေ နာကျင်ကိုက်ခဲမှုဝေဒနာ ပိုသက်ရောက်စေဖို့ ရည်ရွယ်ထားတယ်လို့လည်း ယူဆချက်တွေရှိထားပါတယ်။
နာကျင်မှုဝေဒနာဟာ မတူညီတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံပေါ်မူတည်ပြီး လုပ်ဆောင်ပုံကွဲပြားတယ်ဆိုတာကို သိလာရပြီးတဲ့နောက်မှာ အမျိုးသားနဲ့ အမျိုးသမီးအကြား Painkillers ရဲ့ သက်ရောက်ပုံခြားနားတယ်ဆိုတာကိုလည်း ပိုပြီး သိနားလည်လာရပြီဖြစ်ပါတယ်။
ခုလိုအချိန်မှာမှ ဒီဖြစ်ရပ်ကို သိနားလည်လာရတဲ့ အဓိက အကြောင်းအရင်းကတော့ ၂၀၁၆ ခုနှစ်မတိုင်ခင်ကာလအထိ နာကျင်မှုနဲ့သက်ဆိုင်တဲ့ စမ်းသပ်ချက်တွေရဲ့ ၈၀% ဟာ လူသား အမျိုးသားတွေနဲ့ ကြွက်အထီးတွေမှာသာ စမ်းသပ်ခဲ့တာကြောင့်ပါပဲ။
ခုချိန်မှာဆိုရင်တော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် Painkillers တွေရဲ့ သက်ရောက်မှုကို နည်းပါးစွာ ခံစားနေရတယ်လို့ ယုံကြည်ယူဆလက်ခံလာကြပါပြီ။ ဒါပေမယ့် ပိုမိုတိကျတဲ့ လေ့လာချက်တွေနဲ့ ဖြေရှင်းဖို့ နည်းလမ်းတွေ လိုအပ်နေဆဲပါ။ သိပ်မကြာခင်မှာ ပိုမိုတိကျတဲ့ အဖြေတွေ ထွက်ပေါ်လာဖို့ မျှော်လင့်ရပါတယ်။
ရေးသားသူ - ရဲဇွန်အောင်